8/07/2008

အကယ်၍

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့  ၀ိုင်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့  ရင်ဆိုင်နိုင်မယ်ဆိုရင်..

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့ 
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်

အကယ်၍
စောင့်သင့်တဲ့ အချိန်ကိုစောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ
စိတ်ကူးနိုင်မယ်ဆိုရင်

ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ
တွေးခေါ်နိုင်မယ်ဆိုရင်

အကယ်၍
အောင်မြင်မှု သုခနဲ့  ဆုံးရှုံးမှုသောကတွေကို ကြုံတွေ့ ရတဲ့အခါ
တူသော လောကဓံတွေပါလားရယ်လို့ 
ခံယူထားနိုင်မယ်ဆိုရင်

အကယ်၍
မင်းရဲ့  အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့  နာကြားနိုင်မယ်ဆိုရင်

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့  ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံရပြီးနောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ 
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့် ကြွက်တစ်ခုန်ပမာ
တလှည့်တစ်ခါတည်းနဲ့  ဆုံးသွားခဲ့ရင်

ပြီးတော့
အစကနေ ပြန်စရမယ်ဆိုရင်

ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ 
ဘယ်သောအခါမှ ညည်းငြူမနေဘူးဆိုရင်

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့ 
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ ပဲ
အားနဲ့ မာန်နဲ့  ဇွဲသတ္တိရှိရှိ
ဆက်ကြိုးစားနိုင်မယ်ဆိုရင်

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ 
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကို ခိုင်မာစွာနဲ့ ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင်

အကယ်၍
လူတွေနဲ့  ထိတွေ့ ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
မင်းဧကရောဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာနသွေး မကြွဘူးဆိုရင်

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ် ထားမနေဘူးဆိုရင်

အကယ်၍
တိုတောင်းပြီး မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့် ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်

ငါ့သားရေ... မင်းဟာ
အရာရာဖြစ်တဲ့ လောက ကမ္ဘာကြီးကိုဆုပ်ကိုင်လို့ 
အရာရာ ဘာမဆို မင်းစွမ်းပြီပေါ့
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်းတစ်ယောက်ပဲပေါ့.. .။

0 comments:

beauti girl